အေးချမ်းကြဖို့မကူညီကြဘဲ ပိုပြီးမီးလောင်အောင် ဓာတ်ဆီလောင်းပေးနေကြတယ်

မြိုင်ကြီးငူစစ်ဘေးရှောင်ပြည်သူများထံ စားရေရိက်္ခာများ သွားရောက်လှူဒါန်းခဲ့သည့် ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်(DKBA) မှ စစ်ဦးစီးချုပ်ဗိုလ်ချုပ်ကြီးစောမိုရှေးအား စက်တင်ဘာလ ၁၈ရက် မနက်ပိုင်းတွင် မြိုင်ကြီးငူဒေသရှိ မယ်တော်ဘုန်းကြီးကျောင်းဝင်းထဲ၌ တွေ့ဆုံမေးမြန်းခဲ့သည်များ ဖော်ပြလိုက်ပါသည်။

မေး- စစ်ဘေးရှောင်ပြည်သူတွေအတွက် ထောက်ပံ့ရေးပစ်္စည်းတွေ လာရောက်လှူဒါန်းပေးတဲ့ အစီအစဉ်ကို ပြောပြပေးပါ။

ဖြေ- ပထမတစ်ကြိမ်အနေနဲ့ စက်တင်ဘာ၁၅ ရက်နေ့မှာလာလှူခဲ့ပါသေးတယ်။ အဲဒီတုန်းက ဆန်၊ ဆီ၊ဆား၊အသားတု၊အာလူး၊ခေါက်ဆွဲထုပ်ဖာ၊ ကြက် သွန်နီ၊ ကြက်သွန်ဖြူ၊ စားစရာမုန့်အချိုရည် စတဲ့ စားရေရိက်္ခာ ကျပ်သိန်း(၂၀၀)ဖိုးလောက်လှူဒါန်း ပေးခဲ့ပါတယ်။ အဲဒီလိုလာလှူတော့ သူတို့တွေမှာ အ၀တ်အစားတွေ မလုံလောက်တာတွေ့ရတယ်။ ဘာပြုလို့လဲဆိုတော့ သူတို့တွေက အ၀တ်တစ် ထည်ကိုယ်တစ်ခုနဲ့ ပြေးလာကြတာဆိုတော့ အ၀တ် အစားတွေလိုတာကိုတွေ့မိတဲ့အတွက် ဒီနေ့ စက်တင် ဘာ ၁၈ ရက်မှာ အ၀တ်အစားတွေကို အဓိက ထားပြီးလာလှူပေးတာပါ။ တန်ဖိုးအားဖြင့်တော့ ကျပ်သိန်း ၁၀၀ ဖိုးလောက်ရှိပါတယ်။ လာပြီးလှူ တဲ့အစီအစဉ်ကတော့ မြိုင်ကြီးငူမှာစစ်ဘေးရှောင် ပြည်သူတွေဒုက်္ခရောက်နေတယ်ဆိုတာ သတင်းတွေ ကြားသိနေရတော့ ဒီအခက်အခဲတွေကို တတ်နိုင် သလောက်လာပြီး ကူညီပေးတာပဲဆိုပါတော့။ဒါပေမဲ့  ကျွန်တော်တစ်ဦးတည်းတော့မဟုတ်ဘူးဗျ။ကျွန်တော့်တပ်ဖွဲ့က ခေါင်းဆောင်တွေ၊ စစ်သည် တွေ၊ ပြီးတော့ကျွန်တော်နဲ့ ခင်မင်တဲ့လုပ်ငန်းရှင် တွေပူးပေါင်းပြီးစုပေါင်းလှူဒါန်းကြတာပါ။

မေး- စစ်ပွဲတွေကြောင့်ပြည်သူတွေ ဒုက္ခရောက် ရတဲ့အပေါ် ဘာများပြောချင်ပါသလဲ။

ဖြေ- ကျွန်တော်တို့မမွေးခင်ကတည်းက စစ်ပွဲ တွေဖြစ်ပေါ်နေတာဟာ ယနေ့ချိန်အထိပါပဲ။ စစ်ပွဲ တွေကြောင့်ပြည်သူတွေအတွက် ကောင်းကျိုးဆို တာ ဘာတစ်ခုမှမရှိခဲ့ဘူး။ ဆိုးကျိုးတွေပဲရှိခဲ့ပါတယ်။ပြီးတော့ ဒီစစ်ပွဲတွေကြောင့် ဒေသဖွံ့ဖြိုးမှုတွေကို ဦးစားပေးပြီး မလုပ်နိုင်တော့ဘူး။ မလုပ်နိုင်တော့ ကိုယ့်တိုင်းပြည်ဟာဆင်းရဲတာပေါ့။ ဘာမှဖွံ့ဖြိုး တိုးတက်မှုတွေမရှိဘူး။ စစ်တိုက်နေတာနဲ့ပဲအချိန် ကုန်နေတော့တာပဲ။ ကျန်းမာရေး၊ ပညာရေး၊ စီး ပွားရေး၊ လမ်းပန်းဆက်သွယ်ရေး ဘာမှမတိုးတက် ဘူးလေ။ ဒီတော့ ဒီလိုပဲစစ်တိုက်နေကြမလား၊ ငြိမ်း ချမ်းရေးယူပြီး တိုင်းပြည်တိုးတက်အောင် လုပ်ကြမ လား၊ ဒါကိုသေသေချာချာ စဉ်းစားကြမယ်ဆိုရင် ကျွန်တော်ဖြေစရာမလိုတော့ဘူး ထင်ပါတယ်။

မေး-DKBA တပ်ဖွဲ့အနေနဲ့ရှေ့ဆက်ပြီးဘာ တွေဆောင်ရွက်သွားမယ်ဆိုတာကို ပြောပြပေးပါဦး။

ဖြေ-  ကျွန်တော်တို့တပ်ဖွဲ့က ဒီမိုကရေစီအကျိုး  ပြု ကရင်တပ်မတော်ပါ။ တပ်ဖွဲ့ရဲ့ခေါင်းစဉ်နဲ့အညီ ပြည်သူ့အကျိုးပြုလုပ်ငန်းတွေကိုသာ ဆောင်ရွက် သွားဖို့ အစီအစဉ်တွေရှိပါတယ်။ တစ်အချက်အနေနဲ့ ကရင်ပြည်နယ်တစ်ခုလုံး အေးချမ်းချင်တယ်။နံပါတ် နှစ်က ကျွန်တော်တို့ဒေသဖွံ့ဖြိုးတိုးတက်ချင်တယ်။ သူများပြည်နယ်တွေမှာဆိုရင် ကျွန်တော်တို့ပြည် နယ်ထက် လမ်းတံတားတွေ၊ လျှပ်စစ်မီးတွေ၊ စီးပွား ရေး၊ ကျန်းမာရေးအားလုံးတိုးတက်ဖွံ့ဖြိုးကြတယ်။ ဒါကြောင့် ကရင်ပြည်နယ်ကြီးဖွံ့ဖြိုးတိုးတက်ချင် တယ်။ နောက်ပြီး ကျွန်တော်တို့ဟာ NCA လက် မှတ်ထိုးထားတဲ့အဖွဲ့ဖြစ်တယ်။ ဒီတော့ NCA  မှာ   ပါတဲ့ စည်းကမ်းချက်တွေအတိုင်း အမျိုးသားအဆင့် ဆွေးနွေးပွဲများ၊ ပြည်ထောင်စုအဆင့်ဆွေးနွေးပွဲများ၊ တိုင်းရင်းသားအဆင့်ညီလာခံများ စသည်ဖြင့် တစ် ဆင့်စီတစ်ဆင့်စီ ဆောင်ရွက်မှုတွေနဲ့အတူ ရှေ့ဆက် သွားမှာဖြစ်ပါတယ်။

မေး- ပြဿနာတစ်ခုကို စစ်ရေးနဲ့ ဖြေရှင်း တာနဲ့စားပွဲဝိုင်းမှာ ဖြေရှင်းတာ ဘယ်ဟာက ပိုပြီး အဆင်ပြေမယ်ထင်ပါသလဲ။

ဖြေ- စစ်ရေးနဲ့ဖြေရှင်းတဲ့နည်းလမ်းက အဖြေ မထွက်နိုင်ပါဘူး။ ကျွန်တော်ကတော့ ကျွန်တော့် အောက်ခြေတပ်တွေကို ပြဿနာမဖြစ်ကြဖို့နဲ့ ဖြစ်ခဲ့ရင်တောင် သေနတ်သံတစ်ချက်မှမကြားချင်ဘူး လို့ ညွှန်ကြားထားတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့DKBA   ဟာ တပ်မတော်နဲ့ခုမှ ပေါင်း တာမဟုတ်ဘူး။ ၁၉၉၄ ခုနှစ်ကတည်းက ပေါင်း ခဲ့တာပါ။ ဒီတော့ပဋိပက်္ခတွေမဖြစ်ကြဖို့ ဖြစ်ပြီးခဲ့တဲ့ ပဋိပက်္ခတွေအပေါ် သင်ခန်းစာယူပြီး ရှေ့ဆက် တိုင်းပြည်အတွက်၊ ပြည်သူတွေအတွက် လက်တွဲပြီး ပူးပေါင်းဆောင်ရွက်သွားဖို့ ဒါကိုပဲ လုပ်ကြရမှာလေ။ စစ်ရေးနဲ့ဖြေရှင်းခဲ့တာ နှစ်ပေါင်းဘယ်လောက် ကြာခဲ့ပြီလဲ။ ဘယ်မှာ ပြေလည်ခဲ့တာရှိခဲ့လို့လဲ။ဒီတော့စားပွဲဝိုင်းမှာ ဖြေရှင်းတာက ဘယ်သူ့ကိုမှ၊ ဘယ်ပြည်သူကိုမှ မထိခိုက်ဘူးလို့ ထင်ပါတယ်။

မေး-  နိုင်ငံတော်အစိုးရနဲ့ ပြည်သူတွေအပေါ် ဘာများပြောချင်ပါသလဲ။

ဖြေ- စစ်ပွဲတွေကြောင့် ပြည်သူတွေဒုက်္ခ ရောက်တာတွေ့ရတဲ့အတွက် စိတ်မကောင်းမိပါဘူး။ သူတို့ရဲ့စားဝတ်နေရေးကိုလည်း တစ်ဖက်တစ်လမ်း ကတတ်နိုင်သလောက် ကျွန်တော်တို့ ကူညီပေးသွား မယ်။ နောက်ပြီး ငြိမ်းချမ်းရေးကြီးရရှိဖို့ပြည်သူ အားလုံးကလည်း ၀ိုင်းဝန်းပါဝင်ကြစေချင်ပါတယ်။ဘာဖြစ်လို့လဲဆိုရင် အခုဖြစ်နေတဲ့စစ်ပွဲမှာ အေးချမ်း ကြဖို့၊ နှစ်ဖက်ရပ်စဲကြဖို့ကို မကူညီကြဘဲ ပိုပြီးမီး လောင်အောင်ဓာတ်ဆီလောင်းပေးနေကြတယ်။မြှောက်ပေးနေကြတယ်။ တစ်နိုင်ငံလုံး အတိုင်း အတာနဲ့မကြည့်ဘဲ ဒေသတစ်ခုတည်းကျဉ်းမြောင်း တဲ့စိတ်တွေနဲ့ ဖေ့စ်ဘုတ်တွေမှာ ရေးသားနေကြတာ တွေတွေ့ရတယ်။ နောက်ပြီးတခြားနိုင်ငံရေခြား မြေခြားရောက်နေကြတဲ့ ကရင်တိုင်းရင်းသားတွေ အနေနဲ့ကလည်း မြှောက်ပေးနေတာတွေရှိတယ်။ ဒီတော့ ဒီလိုတွေပြောနေမယ့်အစား လက်တွေ့မှာ ဘယ်လိုကူညီပြီးဖြေရှင်းကြမယ်ဆိုတာနဲ့ အမျိုးသား ရင်ကြားစေ့ရေးကိုသာ ၀ိုင်းဝန်းလုပ်ဆောင်ခြင်း သာလျှင်  အကောင်းဆုံးဖြစ်တယ်လို့ ပြောချင်ပါ တယ်ဗျာ။

Date: 
Tuesday, September 20, 2016