ဗကသမူ ၅ ချက်မှာ ကွဲပြားမှုအနည်းငယ်ရှိနေခြင်းကြောင့် လက်တွေ့အကောင်အထည်ဖော်နိုင်မည့် မူဝါဒမျိုးဖော်ဆောင်စေလိုဟုဆို

Tuesday, December 6, 2016 - 17:45

ဗကသမူ ၅ ချက်မှာ ကွဲပြားမှု အနည်းငယ်ရှိနေခြင်းကြောင့် လက်တွေ့ အကောင်အထည်ဖော်နိုင်မည့်မူဝါဒမျိုး  ဖော်ဆောင်စေချင်ကြောင်း ၁၉၉၆-၁၉၉၈ ကျောင်းသားခေါင်းဆောင်ကိုရဲထွဋ်က ပြောသည်။

၁၉၉၆ ကျောင်းသားလှုပ်ရှားမှု နှစ် ၂၀ ပြည့်အထိမ်းအမှတ် စာတမ်းဖတ် ဆွေးနွေးပွဲကို ဒီဇင်ဘာ ၂ ရက်တွင် ရန်ကုန်မြို့ ဒိုင်းမွန်းကွန်ဒို၌ ကျင်းပ ပြုလုပ်ခဲ့ပြီး အဆိုပါဆွေးနွေးပွဲတွင် ၎င်း က ပြောကြားခဲ့ခြင်းဖြစ်သည်။

““အမျိုးသားရေး၊ ဒီမိုကရေစီရေး၊ ဒီမိုကရေစီပညာရေး၊ ကျောင်းသားထု အခွင့်အရေးကာကွယ်ရေး၊ ငြိမ်းချမ်းရေး ဒီဟာတွေက ကျွန်တော်တို့ ဗကသမူတွေ ပေါ့။ ကျွန်တော်တို့အကြံပြုတာက ဒီ ဗကသမူ ၅ချက်က တစ်ခါတလေကျရင်  လူ့အဖွဲ့အစည်းပြောင်းလဲဖို့အတွက် ကျောင်းသားတွေအနေနဲ့ ၀န်ထုပ်ဝန်ပိုး တွေ အလေးကြီးထမ်းထားသလို ဖြစ် တယ်ပေါ့။ အဲဒါကို ကျွန်တော်တို့ ဒီဘက် နောက်ပိုင်းမှာ ကျောင်းသားသမဂ်္ဂတွေ ကနေပြီးတော့ ဒီဗကသမူ ၅ ချက်ကို ကိုင်ဆွဲရင်လည်း ကိုင်ဆွဲ၊ မကိုင်ဆွဲရင် လည်း ဒါ သူတို့ရဲ့ဆုံးဖြတ်ချက်ပေါ့နော်။ အဲဒီလိုကိုင်ဆွဲရင်လည်း ကျွန်တော်က ပိုပြီးတော့ လက်တွေ့ကျတဲ့ဟာမျိုးတွေ၊ လက်တွေ့အကောင်အထည်ဖော်လို့ရမယ့် မူဝါဒမျိုးတွေကို ကျွန်တော်တို့က ဖော်စေ ချင်တယ်””ဟု ၎င်းကပြောသည်။

၁၉၉၆ ကျောင်းသားလှုပ်ရှားမှု နှစ် ၂၀ ပြည့် အထိမ်းအမှတ်ပွဲကို ၁၉၉၆-၁၉၉၈ ကျောင်းသားလှုပ်ရှားမှုတွင်ပါဝင် ခဲ့သည့် ကျောင်းသားများအား ပြန်လည် စုစည်းနိုင်ရန်၊ လှုပ်ရှားမှုသမိုင်းမှတ်တမ်း အထောက်အထားများအား ပြန်လည် ဖော်ထုတ်ရန်နှင့် မြန်မာနိုင်ငံ၏အနာဂတ် မျိုးဆက်သစ်ကျောင်းသားများအား ကူညီ ဖြည့်ဆည်းပေးနိုင်ရန်ရည်ရွယ်၍ ကျင်းပ ခြင်းဖြစ်ကြောင်း ကျောင်းသားလှုပ်ရှားမှု အနှစ် ၂၀ ပြည့်ကော်မတီဝင် ကိုမျိုးမင်း ဇော်ကပြောသည်။

““ဒီအနှစ် ၂၀ပြည့်ပွဲကို ကျင်းပရ ခြင်း ရည်ရွယ်ချက်ကတော့ သုံးခုရှိတယ်။ ပထမကတော့ ဒီ ၉၆-၉၈ ကျောင်းသား လှုပ်ရှားမှုမှာပါဝင်ခဲ့တဲ့ ကျောင်းသားတွေ ကိုပြန်ပြီးတော့ စုစည်းဆုံးစည်းနိုင်အောင်  နောက် ဒုတိယတစ်ချက်ကတော့ ကျွန် တော်တို့ ဒီ ၉၆-၉၈ ကာလမှာဖြစ်ခဲ့တဲ့ ကျောင်းသားလှုပ်ရှားမှုသမိုင်းမှတ်တမ်း အထောက်အထားတွေကို ကျွန်တော်တို့ စုစည်းဖော်ထုတ်ဖို့၊ တတိယအချက်က တော့ ကျွန်တော်တို့အနာဂတ်မြန်မာနိုင်ငံ ရေးမှာ ကျွန်တော်တို့အနေနဲ့ ဘာတွေ ၀င်ပြီးတော့ ဖြည့်ဆည်းဆောင်ရွက်နိုင် မလဲပေါ့။ ဒီလိုဟာတွေကို ရှာဖွေဖို့အတွက် ဒီပွဲလေးကို ကျင်းပရခြင်းဖြစ်ပါတယ်””ဟု ၎င်းင်းကပြောသည်။

အဆိုပါဆွေးနွေးပွဲတွင် ပညာရေး ပြုပြင်ပြောင်းလဲရန်၊ အသွင်ကူးပြောင်း ရေးကာလ ပြုပြင်ပြောင်းလဲရေးလုပ်ငန်း စဉ်များ၊ ဖက်ဒရယ်ပြည်ထောင်စုတည် ဆောက်ရန် အမေးအဖြေ ကဏ္ဍများဖြင့် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ကျော်ကိုကို