မကွေးခရိုင်၊ချောက်မြို့မှာ(၂၀၀၆)ခုနှစ်တွင် မြန်မာငွေကျပ်သန်းပေါင်း(၁၆၇)သန်းဖြင့် တည်ခဲ့သောဟိုက်ဒရိုဂျင်ပါအောက်ဆိုက် စက်ရုံမီးလောင်ပေါက်ကွဲ

August 6, 2012

Home, သတင်း

 

မကွေး။ သြဂုတ်(၃)ရက်။
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ ချောက်မြို့နယ်အတွင်းရှိဟိုက်ဒရိုဂျင်ပါအောက်ဆိုက်စက်ရုံအား သြဂုတ်(၂)ရက် နေ့ ၀ါဆိုလပြည့်နေ့နေ့(၁)နာရီခန့်တွင် စတင်မီးလောင်မှုဖြစ်ပွားကြောင်းသတင်းရရှိပါသည်။၎င်းစက်ရုံမီးစတင်လောင်ကျွမ်း ရခြင်းမှာ (ပါဝါစစ်စတန် အဲယာတက်)၍ Main Unitရှိ Oxidation Tower မှ ဟိုက်ဒရိုဂျင် ဓါထုရည်များ ယိုထွက် လျံကျလာပြီးစတင်မီးလောင်ကျွမ်းသည်ဟု စက်ရုံဝန်ထမ်းတစ်ဦးကဆို၏။ ထိုစက်ရုံတစ်ခုလုံးအား ကွန်ပျုတာများဖြင့် ထိမ်းချုပ်ထားပြီး ဤလျံကျလာသောဓာတ်ငွေ့ရည်များကို (ရီမု) ကွန်ထရိုးဖြင့်သာ ပိတ်၊ဖွင့်၍ ရမည် ဆိုပါသည်။၎င်း ဟိုက်ဒရိုဂျင်ပါအောက်ဆိုက်စက်ရုံအား (၂၀၀၆)ခုနှစ်တွင်တရုပ်နည်းပညာရှင်များဖြင့် မြန်မာငွေကျပ်သန်းပေါင်း (၁၆၇)သန်းအကုန်အကျခံ၍ တည်ဆောက်ခဲ့သည်ဟု စုံစမ်းသိရှိရပါသည်။ယင်းစက်ရုံ၏တောင်ဘက်တွင် ကြွေသီးစက်ရုံရှိ သည်။ စက်မှုဝန်ကြီးဌာန၊စက္ကူနှင့် အိမ်သုံးပစ္စည်းထုတ်လုပ်သော စက်ရုံများတွင်ထိုစက်ရုံပါဝင်သည်ဟုသိရ၏။ ထို မီးလောင်ရာစက်ရုံသို့ချောက်မြို့မီးသတ်ကားများ၊ ချောက်ရေနံမြေမီးသတ်ကားများ၊စလေမြို့၊ဆိပ်ဖြူမြို့၊ ကျောက်ပန်း တောင်းမြို့၊ရေနံချောင်းမြို့ညောင်ဦးမြို့နှင့်မကွေးမြို့မှမီးသတ်ကားများလာရောက်ငြိမ်းသတ်ကြကြောင်းသိရသည်။

  ပြင်ပမှ (၂၈၀၀)ဂါလံဆံ့ ဆီဘောက်ဆာကြီးများကလည်း ရေဖြည့်၍(၇)စီးလာရောက်အားဖြည့် ကူညီပေးကြသည်။ ထို ကားများနှင့်အတူမကွေးခရိုင်အုပ်ချုပ်ရေးမှူး၊ ချောက်မြို့နယ်အုပ်ချုပ်ရေးမှူး၊သက်ဆိုင်ရာရေနံမြေမှ တာဝန်ရှိသူများ၊ ချောက်မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်အသီးသီးမှမီးသတ်တပ်ဖွဲ့ဝင်များအချိန်မှီရောက်လာကြောင်းသိရ  သည်။  မကွေးတိုင်းဒေသကြီးတိုင်းမီးသတ်တပ်ဖွဲ့ တိုင်းမှူးဦးတင်မင်းတို့မှ မီးသတ်တပ်ဖွဲ့ဝင်များအား
ဦးဆောင်ငြိမ်းသတ်ခဲ့ နိုင်၍ ညနေ(၅း၃၀)နာရီခန့်တွင် မီးညွှန့်ကျိုးပြီးညနေ(၆)နာရီတွင် မီးငြိမ်းသွားကြောင်းသိရသည်။ ထို စက်ရုံစင်ကြီးအားမီးလောင်နေစဉ် (၅)ကြိမ်ပေါက်ကွဲမှုဖြစ်၍ ကြယ်လောင်သောအသံများဖြင့်တုန်ခါသွားကြောင်း ရေကားမောင်းသူတစ်ဦးမှ ပြောဆို၏။ ယင်းအသံအား စလေမြို့၊ချောက်မြို့များနှင့် အနီးရှိကျေးရွာများမှ ကြားရ၍
ထိန့်လှန့်သွားကြကြောင်း သိရသည်။ ထိခိုက်ဒါဏ်ရာရရှိသူ(၅)ဦးရှိ၍(၂)ဦးမှာဒါဏ်ရာအနည်းငယ်ပြင်းထန်ကြောင်းကြားသိရ၏။ လူအသေ အပျောက်လုံးဝ
မရှိကြောင်းနှင့် အများပြည်သူများစိုးရိမ်ထိန့်လှန့်နေကြသောအက်စစ်ရိုင်းများ သိုလှောင်သံကန်ကြီး (၆)ကန်အား လုံးဝမီးကူးစက်လောင်ခြင်းမရှိပါကြောင်း၊ ၎င်း ပြင်းထန်စွာပေါက်ကွဲစေနိုင်သော သံကန်ကြီးများထံသို့မီးလုံးဝ မကူးစက်နိုင်အောင် မီးသတ်တပ်ဖွဲ့ဝင်များမှ  မီးတောက်များအား
ဖြတ်တား၍ ကာကွယ်ထားနိုင်ခဲ့ကြောင်း၊ ထို ဓာတ်ငွေ့မီးတောက်များအားမီးအမြန်ငြိမ်းသတ်စေနိုင်သော ဓာတ်ငွေ့ဆေးရည်ပေပါများကိုချောက်ရေနံချက်စက်ရုံမှ အချိန်မှီပို့နိုင်ခဲ့၍
မီးငြိမ်းသတ်သွားနိုင်ခဲ့ပါကြောင်း မီးသတ်တပ်ဖွဲ့မှ တပ်ကြပ်ကြီးတစ်ဦးမှပြောဆိုပါသည်။ (၃-၈-၂၀၁၂)နေ့အထိ ၎င်းစက်ရုံမီးလောင်မှုကြောင့်ဆုံးရှုံးမှုတန်ဘိုးငွေများအား ထုတ်ဖော်ကြေငြာနိုင်ခြင်းမရှိသေးပါ။ထိုနေ့တွင် စက်မှုဝန်ကြီးဌာန မှ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိမ်းနှင့်
မကွေးတိုင်းဒေသကြီး ၀န်ကြီးချုပ် သီရိပျံချီ ဦးဘုန်းမော်ရွှေ တို့အဖွဲ့မှမီးလောင်သော ၎င်းစက်ရုံအား လာရောက် ကြည့်ရှုစစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်းသတင်းရရှိခဲ့ပါသည်။
ဟင်္သာ(တောင်တွင်းကြီး)
,

No comments yet.

Leave a Reply

You must be logged in to post a comment.