မတော်မလျော် အဆိုမတင်သွင်းကြစေလို

February 16, 2013

Home, ဆောင်းပါး

 

 

ကျွန်မသည် မြန်မာလူမျိုးဖြစ်သည်။ မြန်မာနိုင်ငံသားစစ်စစ်ဖြစ်သည်နှင့်အညီ ကိုယ့်နိုင်ငံ၏ အရေးကိစ္စမှန်သမျှ မျက် ခြည်မပြတ်စေရန် အစဉ်အမြဲကြိုးစားသူ တစ်ယောက်ဖြစ်ပါသည်။  လွှတ်တော်အစည်းအဝေးများကို လည်း စိတ်ဝင်စားသည်။ မည်သည့် အဆိုတင်သွင်းသည်၊ မည်သည့်ဥပဒေ ကြမ်းတင်သွင်းသည်။ မည်သည့်ဥပဒေ ပြင်ဆင်သည်။ ဥပဒေဟောင်းများထဲမှ ခေတ်နှင့်မလျော်ညီသော ဥပဒေများကို ပယ်ဖျက်မဖျက်၊ ဒါက ကျွန်မအတွက် အာရုံစိုက်ရမည့်ကိစ္စများသာဖြစ်နေပါ တော့သည်။
ဤသို့ အာရုံစူးစိုက်မှုများမှသည် မတော်မလျော် အဆိုတင်သွင်းမည့်ကိစ်္စ တစ်ခုကိုကျွန်မအတော်ပင် တုန်လှုပ်မိပါသည်။ “အမျိုးသမီး လိင်အလုပ်သမားများအ တွက် ဥပဒေသစ်ပေါ်ထွက်စေရေး ထောက်ခံပေးမည်”ဟူသော သတင်းတစ် ပုဒ်ကို ထိတ်လန့်တကြား ဖတ်လိုက်ရ ပါသည်။ တစ်ဆက်တည်း ၎င်းသတင်းထဲ ၌ပင် ပြည်ခိုင်ဖြိုးပါတီမှ ပြည်သူ့လွှတ် တော်ကိုယ်စားလှယ်တစ်ယောက်ဖြစ် သည့်ပြင် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေး ချမ်းရေးကော်မတီအဖွဲ့ဝင်တစ် ယောက်လည်းဖြစ်သော ဒေါ်လဲ့လဲ့ဝင်း ဆွေကထိုဥပဒေကို လွှတ်တော်တွင် အဆိုတင်သွင်းလာပါက ကန့်ကွက်သွား မည်ဟု သိရှိရပြန်တော့ အနည်းငယ် ရင်အေးရသလိုခံစားသွားရပြန်ပါသည်။ ဒေါ်လဲ့လဲ့ဝင်းဆွေသာမက လွှတ်တော် ကိုယ်စားလှယ်များအားလုံး အမျိုးသား ရေးတစ်ရပ်အနေဖြင့်သော်လည်းကောင်း မြန်မာအမျိုးသမီးများ၏ ဂုဏ်သိက်္ခာနှင့် ကိုယ့်ကျင့်တရားကို ထိန်းသိမ်းသည့် အနေဖြင့်သော်လည်းကောင်း၊ ယင်း ဥပဒေသစ်လုံးဝပေါ်ပေါက်မလာစေရန် အထူးတလည်ကာကွယ်ကြရမည်သာ ဖြစ်ပါသည်။ မြန်မာမိန်းကလေး တစ်ဦး၏ ခြေတစ်လှမ်းသည် ကုဋေ တစ်သန်းပင်တန်သည်ဟု တင်စားဖွဲ့ဆို ခဲ့ကြသည်မဟုတ်ပါလား။ ယခုတလော ရန်ကုန်မြို့ လူစည်ကားရာအရပ်များနှင့် မြန်မာ့ရိုးရာယဉ်ကျေးမှုပွဲတော်များမှာပင် မြန်မာအမျိုးသမီးငယ်များ၏ မလုံမခြုံ ၀တ်စားဆင်ယင်မှုများကို တွေ့မြင်နေရ သဖြင့် ရင်မောရသည့်အထဲ Sex Worker ဆိုပြီး ကိုယ့်မြန်မာနိုင်ငံမှာ တရားဝင် ဟိုဟာလုပ်ကိုင်ခွင့်တောင်းဆိုကြဦးမည် ဆိုသည်ကတော့ လားလားမျှမသင့်တော် ကျွန်မတို့ဗိုလ်ချုပ်ပြောသလို ဟိုနိုင်ငံဖြစ် ဖို့ကြိုးစားနေကြပြီလားဟု မေးလိုက်ချင် ပါသည်။
အမျိုးသမီး Sex worker  ဆိုတာ ဟိုဟာကဟိုဟာပဲမဟုတ်လား။ Worker ဆိုတာ ဘယ်လိုပဲဘာသာပြန်ပြန်လုပ် သား(သို့)အလုပ်သမားပဲမဟုတ်လား။ ရုံးလုပ်သား၊ ပညာရေးလုပ်သား၊ အထည် ချုပ်လုပ်သား၊ ဆောက်လုပ်ရေးလုပ်သား၊ စက်ရုံလုပ်သား စသဖြင့် အလုပ်လုပ်နေ သူအားလုံးက  ပဲ။ လိင်အလုပ် သမားများဖြင့်ရောထွေးမသွားစေချင်ပါ။ ကျွန်မတို့မြန်မာလူ့ဘောင်အသိုင်းအ၀န်း မှာ Sex Worker ဆိုတာ လုံးဝမရှိအပ်ဘူး၊ ဘယ်ခေတ်ဘယ်အခါကမျှ ဒါမျိုးလုပ်စား နေသူတွေကို ရှေ့တန်းမတင်ဘူး၊ ဘုရင် ခေတ်ကလည်း အောက်ဆုံးအလွှာပဲ၊  ခေတ်အဆက်ဆက်အောက်ဆုံးအလွှာပဲ၊  လူတွေရဲ့ အထင်သေးရှုတ်ချခံခဲ့ရတဲ့သူ တွေပဲ။
အမျိုးသမီးလိင်အလုပ်သမားများ အတွက် ဥပဒေသစ်ပေါ်ထွက်စေရေး ထောက်ခံပေးမည့် လူ့အခွင့်အရေးများ လှုပ်ရှားမှုများဆောင်ရွက်နေသူ မဟာ ကရုဏာရှင် အမျိုးသမီးကို မေတ္တာရပ်ခံ ချင်ပါသည်။ သူတို့လေးတွေရဲ့ ဘ၀ကို ကူညီချင်တယ်ဆိုရင် သူတို့ကို ဒီဘ၀ တွေထဲက ဆွဲထုတ်ရမှာမဟုတ်ဘူးလား။ အခုဆိုရင် ပြောင်းလဲလာသည့်ခေတ် အခြေအနေအရ အလုပ်အကိုင် အခွင့် အလန်းသစ်တွေအမျိုးကြီးပေါ်နေပြီ၊ သူတို့ကို နိမ့်ကျသည့်ဘ၀လေးတွေထဲက ဆွဲထုတ်ပြီး မှန်ကန်တဲ့ဘ၀လမ်းကြောင်း ပေါ်ကို ဆွဲတင်နိုင်မှသာ သူတို့ရဲ့ဘ၀ကို ကယ်တင်ရာရောက်မှာဖြစ်ပါသည်။
အခုတော့ လူ့လောကအ၀န်းအ၀ိုင်း ထဲမှာ သိက္ခာမဲ့သထက်မဲ့ရပ်ကွက်ထဲ မျက်နှာငုံ့ပြီး လျှောက်လှမ်းနေရတဲ့ဘ၀ ချိုင့်ဝှမ်းထဲဆွဲသွင်းနေသလိုဖြစ်မနေဘူး လား။ မြန်မာ့လူ့ဘောင်မှာ Sex worker ဆိုတဲ့ မိန်းကလေးတွေကို လမ်းမှာတွေ့ ရင်တောင် လက်ဆွဲနှုတ်ဆက်ကြလိမ့် မည်ဟု ထင်ပါသလား၊ တွေ့လျှင်ကွေ့ ရှောင်သွားမည့်သူများချည်း ဖြစ်ပါလိမ့် မည်။ သူတို့၏ မိသားစုဝင်များသည်ပင် လျှင် ရပ်ကွက်ထဲ ရဲရဲဝံ့ဝံ့ လျှောက်လှမ်း နိုင်မည်မဟုတ်၊ သူတို့လေးတွေကို သနား လျှင်ကယ်တင်လိုသည်ဆိုလျှင် လူ့အ သိုင်းအ၀န်းမှာ ခေါင်းမော့ပြီးလျှောက် လှမ်းနိုင်အောင် Factory Worker,Sewing Worker,Sale Worker  စသဖြင့် လမ်း ကြောင်းမှန်ပေါ်ဆွဲတင်ပေးလိုက်စမ်းပါ၊ သွေးသား Worker တွေဖြစ်အောင်တော့ မလုပ်လိုက်ကြပါနဲ့၊ ရေနစ်သူကို ၀ါးကူ ထိုးသလိုမလုပ်ကြပါနဲ့။
မြန်မာအမျိုးသမီးများ ကမ္ဘာ့ အလယ်မှာ တင့်တယ်နိုင်ကြပြီး မြန်မာ့ ကျက်သရေဆောင်နိုင်သူများဖြစ်ကြပါ စေဟု မြန်မာကိုချစ်သော မြန်မာအမျိုး သမီးတစ်ယောက်အနေဖြင့် လေးလေး နက်နက် ဆန္ဒပြုလိုက်ရပါတော့သည်။

 

ခင်နွဲ့မူ(အင်းစိန်)

,

No comments yet.

Leave a Reply

You must be logged in to post a comment.