
အထက်တန်းကျောင်းသားဘ၀တွင် အပိုမြန်မာစာဘာသာရပ်၌ ဘလ္လာတိယပျို့ သင်ခဲ့ရသည်။ ဆရာကြီးဦးကြင်ဥ၏ အရေးအသားအဖွဲ့အနွဲ့ကြောင့် ရင်မှာ ခံစားခဲ့ရသည်။ လေပြင်းမုန်တိုင်း တိုက် ခတ်သဖြင့် ကိန္နရီမောင်နှံချောင်းခြားသွား သည်။ လျှပ်စီးလက်သည့် အချိန်တိုအတွင်း သာတစ်ဦးနှင့် တစ်ဦးမြင်တွေ့ရသည်။ နှစ်တစ်ထောင်သက်တမ်းရှိသော ကိန္နရီ မောင်နှံနှစ်ဦး တစ်ညလွဲသည်ကို နှစ်ပေါင်း ခုနှစ်ရာတိုင်ငိုကြွေးကြသည်။ ငယ်စဉ်က မောင့်မှာခင်နဲ့ ဝေးခဲ့တာဖြင့် ကြာပါပြီပေါ့ ကွယ်”ဆိုသည်တေးကို ညည်းပြီး လွမ်းဆွေး ခဲ့ဖူးပါသည်။ စာဆို၏ပျို့ကို စွဲလန်းခဲ့ဖူး ပါသည်။
လေပြင်းမုန်တိုင်းတိုက်ခတ်သဖြင့် ကျေးသားညီနောင်တို့ကွဲသွားကြသည်။ လူဆိုးလူမိုက်တို့ဒေသသို့ရောက်သွားသည့် ကျေးသားငယ်မှာ တောလယ်ရင်းလမ်းမှား သွားသော မင်းကြီးကိုတွေ့သည်နှင့် သတ်ဖြတ်လုယက်တိုက်ခိုက်ဖို့အော်ဟစ် သည်။ ဘုရားကျောင်းကန်အနီးရောက် သွားသောကျေးသားငယ်မှ နားနေဖို့၊ အမောပြေရေသုံးဆောင်ဖို့ ချစ်စဖွယ် စကားဆိုသည်။ အဆိုပါပုံပြင်လေးဖတ်ခဲ့ ရသော်လည်း ရင်မှာမည်သို့မျှ ခံစားမှုမရှိ ခဲ့ပါ။
အသက်အရွယ်ရလာသည့် အချိန် တွင် ကျေးသားညီနောင်နှစ်ဦးတစ်ဦးချင်း ကြုံတွေ့ခဲ့ရသည့် ဖြစ်ရပ်များ ကျွန်တော် တစ်ဦးတည်းကြုံတွေ့ခဲ့ရပါသည်။ ကျွန်တော့်ဖခင်မှာ ထောင်ပိုင်ကြီးဖြစ်၍ ငယ်စဉ်က အကျဉ်းသားများ လက်ထဲ တွင် ကျွန်တော်ကြီးပြင်းခဲ့ပါသည်။ ထိုးကြိတ်သတ်ဖြတ်နည်းများသင်ပေးခဲ့ သည်။ ဆဲနည်းတစ်ရာမကသင်ပေးခဲ့သည်။ တစ်ချိန်တည်းမှာ အားလပ်ရက်တိုင်း ထားဝယ်ထောင်ပိုင်ကြီးအိမ်သို့လာရောက် ပြီး ဘုရားခန်း၌ ပန်းချီရေးဆွဲနေသည့်ဆရာ ကြီးဦးငွေကိုင်၏အနီးတွင် ဝေယျာဝစ္စများ ဆောင်ရွက်ပေးခဲ့ပါသည်။ ဆရာကြီးငွေ ကိုင်၊ ဖခင်ကြီးနှင့် အတူ ထားဝယ်မြို့ စပါးတောင်ပေါ်သို့ ဘုရားတည်ရန် အုတ်သယ်ရင်းလိုက်ခဲ့ဖူးပါသည်။ တောင်ခြေရှိ တောင်ပွားကျောင်းဆရာ တော်၏ဗြဟ္မစိုရ်တရားလေးပါးလက်ကိုင် ထားဖို့ ဟောပြောဆိုဆုံးမမှုကို နာယူဖူး ပါသည်။
ငယ်စဉ်ကမိုက်ခဲ့ပါသည်။ ထိုးကြိတ် ရိုက်နှက်ပြီး ရန်ဖြစ်ဖူးသည်။ လောက်လေး ဂွတစ်လက်ဖြင့် ငှက်လည်ပစ်ရင်း၊ “လေး” စစ်တိုက်ဖူးပါသည်။ အရွယ်ရောက်ချိန် တွင် သေနတ်တစ်လက်ဖြင့်တိုက်ခိုက်၊ သတ်ဖြတ်ဖူးပါသည်။ ငယ်သားများ အတွက် အုတ်နံရံခေါင်းနှင့် တိုက်ဖူးပါ သည်။
အသက်အရွယ်အရလိမ္မာရမည့် အရွယ်ဖြစ်ပါသည်။ ကိုယ်နိုင်သည့် ကလောင်တစ်ချောင်းဖြင့် ပြည်သူများကို အလုပ်အကျွေးပြုရပါသည်။ ပြည်သူတို့ ဆန္ဒကို ဖော်ထုတ်အကြံပြုပေးရပါမည်။ ကောင်းသော အကြံပေးခြင်းလား၊ မကောင်းသောအကြံပေးခြင်းလားဆိုသည် မှာ လက်ခံစဉ်းစားသူ အပေါ်မူတည်ပါ သည်။ လက်ခံစဉ်းစားသူတစ်ချက်မှားသွား သည်နှင့် အားလုံးဒုက္ခရောက်သွားနိုင်ပါ သည်။
ကျွန်တော်လူမိုက်မဟုတ်တော့သော် လည်း လူမိုက်ငှားသူများနှင့် တွေ့ရပါ သည်။ ကလောင်လေးတစ်ပိုင်းတစ်စကို ပိုင်ဆိုင်သော ကျွန်တော့်အား “ဆရာရေး တဲ့ ဆောင်းပါး ဟတ်ထိတယ်”ဟု မြှောက် ပင့်ပြီး၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ဓာတ်အား ပေးစက်ရုံအကြောင်း၊ သတ္တုမိုင်းအကြောင်း ရေးသားပေးဖို့ပြောကြသည်။ ကျွန်တော် လူမိုက်မဟုတ်သော်လည်း အမြှောက် ကြိုက်သူဖြစ်၍ သူတို့ငွေကြေးတစ်စုံတစ် ရာ မပေးပဲငှားသော ကိစ္စရပ်များကို ပညာ ရှင်များထံချဉ်းကပ်လေ့လာပြီး ကျွန်တော် အတွေးအခေါ်ဖြင့် ပေါင်းစပ်၍ရေးခဲ့ပါ သည်။ အချို့လူမိုက်ငှားသူများ အတွေး အခေါ်ကောင်းကြပါသည်။
ကမ်းလွန်ပင်လယ်ပြင်မှ ထွက်သည့် ကျွန်တော်တို့နိုင်ငံမှ ဓာတ်ငွေ့များ ထိုင်း နိုင်ငံနှင့် တရုတ်နိုင်ငံသို့မိုင်ပေါင်းများစွာ ရှည်လျားသည့်ပိုက်လုံးကြီးများသွယ်တန်း ပြီး ရောင်းချပါသည်။ ရခိုင်နှင့် တနင်္သာ ရီကမ်းရိုးတန်းနေမြန်မာနိုင်ငံသားများ အတွက် သွယ်တန်းပြီးတစ်ထောင်မီဂ္ဂါဝပ် ဓာတ်အားပေးစက်ရုံတစ်လုံးစီလောက် အရင်တည်ဆောက်ပေးဖို့ ကျသင့်ငွေကို ဓာတ်ငွေ့ဖိုးထဲမှ ပေးချေဖို့ ဆောင်ရွက် သင့်ကြောင်း တင်ပြပေးဖို့ကျွန်တော့်ထံ အကြံပြုကြသည်။ တာဝန်ရှိသူများစဉ်း စားသင့်သော ကိစ္စဖြစ်ပါသည်။
ကလောင်တစ်ပိုင်းတစ်စကို ပိုင်ဆိုင်သော ကျွန်တော်လူမိုက်အငှားခံ ရသည့်ကိစ္စမှာ “အခြေခံဥပဒေပြင်ဆင်ရေး” ဖြစ်ပါသည်။ ကျွန်တော်ဥပဒေပညာရှင် တစ်ယောက်မဟုတ်ပါ။ ဥပဒေပညာရှင် များ အခြေခံဥပဒေပါအချက်များ ထောင်ပြပြောဆိုရေးသားကြသည်ကို ဖတ်ရှုဖူးပါသည်။ ကျွန်တော်နားမလည် ပါ။ ပြည်သူတို့နားမလည်ဟန်ဆောင်နှာ စေးနေသူများလည်း ရှိနိုင်ပါသည်။
အချိန်အခါနှင့် အခြေအနေလိုအပ် မည်ကို သဘောပေါက်ပါသည်။ လွန်ခဲ့ သော နှစ်ပေါင်းခြောက်ဆယ်နီးပါးက ဘီးလူးချောင်းကြီးကို မိုးဗြဲရေကာတာကြီး ဆောက်လုပ်ခဲ့သည်။ ရွာပေါင်းများစွာ ရေမြှုပ်သွားသည်။ ယနေ့ ကမ္ဘာတွင် ရှားပါးသည့် ရေပေါ်အင်းလေးရွာများ ဖြစ်ပေါ်လာသည်။ နိုင်ငံအ၀ှမ်းအလင်း ရောင်ဖြာခဲ့သည်။
လွန်ခဲ့သော နှစ်ပေါင်းလေးဆယ်ခန့် က ပဲခူးရိုးမပေါ်မှဗကပများရိက္ခာပြတ်သွားစေ ရန်အတွက် ပဲခူးရိုးမတောင်ပေါ်ဆယ့်လေး ရွာနှင့် ရွာအချို့မြေပြန့်ရွှေ့ပြောင်းခဲ့ကြ ပါသည်။ ဗကပများ ရိုးမပေါ်တွင်ကျဆုံး သွားခဲ့သည်။ ဤဖြစ်စဉ်တို့မှာ မိမိအကျိုး စီးပွားတစ်ခုမျှမပါပဲ နိုင်ငံတော်အကျိုး အတွက် ဆောင်ရွက်ခဲ့မှုများဖြစ်ပါသည်။
ကျွန်တော်တို့နိုင်ငံ၏ အခြေခံဥပဒေ ကို ကြည့်လျှင်လွတ်လပ်ရေးမရမီ ၁၉၄၇ ခုနှစ်ရေးဆွဲခဲ့ပါသည်။ ၁၉၆၂ ခုနှစ် အာဏာသိမ်းပြီးချိန်တွင် ဆိုရှယ်လစ်စနစ် နှင့် မကိုက်ညီသည့်အတွက် မြန်မာဆိုရှယ် လစ်လမ်းစဉ်ပါတီ၏ ဦးဆောင်လမ်းညွှန် မှုဖြင့် ၁၉၇၄ ခုနှစ်တွင် အခြေခံဥပဒေ သစ်ပေါ်ပေါက်ခဲ့သည်။ အဆိုပါ အခြေခံ ဥပဒေဖြင့် ဆိုရှယ်လစ်နိုင်ငံတည်ဆောက် ခဲ့ပါသည်။
၂၀၀၈ ခုနှစ်အခြေခံဥပဒေသည် ၁၉၈၈ အရေးအခင်းကို အခြေခံပြီး ၁၉၉၂ ခုနှစ်အောက်တိုဘာတွင် စတင်ဖွဲ့စည်းရေး ဆွဲခဲ့ပါသည်။ ၈၈ အရေးအခင်းမျိုးထပ်မံ မဖြစ်ပွားစေရန်နှင့် ဖြစ်ပေါ်လာပါက ထိန်းသိမ်းနိုင်ရန် တပ်မတော်အစိုးရ ဦးဆောင်လမ်းညွှန်မှုဖြင့် ရေးဆွဲခဲ့ပါသည်။
တပ်မတော်အစိုးရ၏ ဦးဆောင်လမ်း ညွှန်မှုဖြင့် ရေးဆွဲထားသော အခြေခံ ဥပဒေဖြစ်၍ တပ်တော်ကာကွယ်ရေးဦးစီး ချုပ်အား အခွင့်အာဏာများစွာပေးထား ခြင်းဖြစ်ပါသည်။
ဥပဒေအထက်တွင် မည်သည့်အဖွဲ့ အစည်း၊ တစ်စုံတစ်ယောက်မှမရှိတော့ သော အချိန်တွင် တပ်မတော်သားအား လုံးဥပဒေအာက်သို့ရောက်လာကြပါမည်။ ဥပဒေဘောင်အတွင်းရောက်လာချိန်တွင် ဥပဒေမဲ့လုပ်ရပ်များလုပ်ကိုင်ကြမည်မဟုတ် ပါ။ အာဏာထိမ်းရန်လိုအပ်လာလျှင် လည်းပြည်သူတို့ ရွေးချယ်တင်မြှောက် ထားသော ဒီမိုကရေစီအစိုးရ၏ဆန္ဒအရ၊ ပြည်သူတို့၏ဆန္ဒအရဖြစ်မည်ဟု ယူဆရ ပါသည်။
လွှတ်တော်ထဲတွင် တပ်မတော်သား ၂၅ ရာခိုင်နှုန်းပါဝင်နေခြင်းမှာလည်း နိုင်ငံတော်ကို ထိန်းသိမ်း၊ ကာကွယ်စောင့် ရှောက်ရမည့်တပ်မတော်သည်အခြေခံ ဥပဒေကိုလည်း ကာကွယ်စောင့်ရှောက် ဖို့တာဝန်ရှိပါသည်။ တပ်မတော်သားများ ကိုယ့်အသိနှင့် ကိုယ်လွှတ်တော်ထဲမှ ထွက်သွားဖို့ပါတီတစ်ခုမှ တာဝန်ရှိသူဂျာနယ် အင်တာဗျူးတွင်ပြောခဲ့ပါသည်။ ၎င်းပါတီ ၏ ပြည်နယ်အရေးအခင်းဖြစ်ချိန်တွင် တပ်မတော်ဘယ်ရောက်နေလဲ။ တပ်မတော် ဘာလုပ်နေလဲ ဟူသော ပြည်သူတို့၏ အသံထွက်ပေါ်လာပါသည်။
၂၅ ရာခိုင်နှုန်းသော တပ်မတော် သားများလွှတ်တော်ထဲမှ ထွက်သွားရန် မလိုပါ။ ဖွဲ့စည်းပုံအခြေခံဥပဒေအား နိုင်ငံတော်နှင့် အတူ တည့်တန့်ခိုင်မြဲ အောင်ထိမ်းသိမ်းစောင့်ရှောက်သွားဖို့လို အပ်ပါသည်။ သို့သော် ၁၉၄၇ ခုနှစ် အခြေခံဥပဒေအား ဆိုရှယ်လစ်စနစ်ဖြင့် ချီတက်နိုင်ရန် ၁၉၇၄ ခုနှစ်တွင် ပြင်ဆင် ခဲ့ပါသည်။ ၁၉၇၄ ခုနှစ်အခြေခံဥပဒေအား အာဏာရှင်စနစ်နှင့် ကိုက်ညီသည့်အခြေ ခံဥပဒေဖြစ်ရန် ၂၀၀၈ ခုနှစ်တွင် ပြင်ဆင် ခဲ့ပါသည်။ ယနေ့ဒီမိုကရေစီစနစ်ဖြင့် ချီတက်နေသော နိုင်ငံတွင် ဒီမိုကရေစီ စနစ်နှင့် ကိုက်ညီသော အခြေခံဥပဒေရေး ဆွဲဖို့လိုအပ်မည်ဟုယူဆပါသည်။
ယနေ့မြန်မာနိုင်ငံတွင် ဖွဲ့စည်းထား သော ပါတီအားလုံးသည် ဒီမိုကရေစီစနစ် ကို အခြေခံကြပါသည်။ လွှတ်တော်ထဲ တွင် ရောက်ရှိနေသော ပြည်သူ့ကိုယ်စား လှယ်အားလုံးသည်လည်း ဒီမိုကရေစီ စကားပြောနေကြသော ပြည်သူ့ကိုယ်စား လှယ်များဖြစ်ကြပါသည်။ တစ်ဦးကိုတစ် ဦးလက်ညိုျးထိုးနေမည့်အစား ဒီမိုကရေစီ စနစ်လိုလားသော ပြည်သူတစ်တစ်ရပ်လုံး အတွက် ဒီမိုကရေစီစနစ်နှင့် ကိုက်ညီ သော အခြေခံဥပဒေရေးဆွဲရမည့် အချိန် ဖြစ်ပါသည်။ လွှတ်တော်ဥက္ကဋ္ဌကြီးသူရဦး ရွှေမန်းမှ မီဒီယာများအား ရဲရဲတင်းတင်း ရေးသားဖော်ပြရန် ပြောကြားခဲ့ပါသည်။ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ လည်း ရဲရဲတင်းတင်းဆွေးနွေးပြောဆိုရမည့် အချိန်ဖြစ်သည်။ မယောင်ရာဆီလူးပြီး အချိန်ဖြုန်းရမည့်အချိန်မဟုတ်တော့ပါ။
သက်တမ်းတစ်ထောင်ရှိသော ကိန္နရီ မောင်နှံ မုန်တိုင်းကြောင့် တစ်ရက်လွဲတာ ကို နှစ်ပေါင်းခုနှစ်ရာငိုကြွေးခဲ့ကြပါသည်။ ကျွန်တော်တို့ ပြည်သူများ နိုင်ငံရေးမုန် တိုင်းဒဏ်ကြောင့် နှစ်ပေါင်း (၅၀) ငိုကြွေး ခဲ့ရပြီးဖြစ်ပါသည်။ သက်တမ်းတစ်ဝက် မကတော့ပါ။
ပြည်သူတစ်ရပ်လုံးလိုလားသော ဒီမိုကရေစီစနစ်အတွက် လိုအပ်သော အခြေခံဥပဒေကို ပြည်သူတစ်ရပ်လုံးသို့ ပွင့်လင်းစွာချပြဆွေးနွေးငြင်းခုန်ပြီးရေးဆွဲ ကြပါဟုအကြံပြုချင်ပါကြောင်း။
အောင်မြင်သူ



Vol-3,No-141
Vol-3,No-140
Download
February 10, 2013
Home, ဆောင်းပါး