သီပေါဟော်နန်းသို့နှစ်ကြိမ်မြောက် အလည်ရောက်ခဲ့ခြင်း

January 31, 2013

Home, ဆောင်းပါး

 

 

 

““နယ်စည်းမခြား””ဆိုတဲ့ ဝေါဟာရကို   ဘ၀င်ခိုက်တယ်ဗျာ။ကမ္ဘာကြီး လုံးရာက ပြားခဲ့ပြီဆိုတော့ သတင်းအချက်အလက်   များသာမက သဘောတရား အိုင်ဒီယိုလိုဂျီများပါ စည်းမခြားတော့ပါ။သီပေါမှာ   အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးခန်းဖွင့် ပွဲနေ့ကို တွေးတွေးပြီးကြည်နူးခဲ့လို့ရေး မိပါတယ်ဗျာ။တကယ်တော့ သီပေါမြို့   နယ်အဖွဲ့ချုပ်ဆိုင်းဘုတ်ကို ၂၀၀၂ခုနှစ်၊ နိုဝင်ဘာမှာ အန်ကယ်ဦးတင်ဦးနဲ့ဒေါ်စု တို့ ကိုယ်တိုင်တင်ခဲ့တာ၊အဲသလိုတင်ထား ပြီးကတည်းက ဆိုင်းဘုတ်ပြန်ချခဲ့ရတာ   မရှိဘူးဗျ။အရင်အဖွဲ့ချုပ်၊မြို့နယ်စည်း ကော်မတီများပျက်သုန်းရေး၊အဖွဲ့ချုပ်ဆိုင်း  ဘုတ်များဖြုတ်ချရေးကို ဒေသဆိုင်ရာ အာဏာပိုင်အချို့က ကြေးစားအဖျက် အမှောင့်ပယောဂဆရာများ ငှားရမ်းပင့် ဖိတ်ပြီး ကလိမ်ကကျစ်လုပ်ခဲ့ကြတာတောင် မှ သီပေါဆိုင်းဘုတ်ပြုတ်မကျခဲ့တာ။ ဒါ ကြောင့် ဒီတစ်ကြိမ်ဆိုင်းဘုတ်တင်တာဟာ  နှစ်ထပ်ကွမ်းပေါ့လို့ပြောရင် သီပေါဥက္ကဋ္ဌ    ဦးတင်မောင်က သူ့ထုံးစံအတိုင်း မျက်ခုံး  ကြီးပင့်ပြီး ““ဟုတ်တယ်နော်””လို့ ပြောဦး မှာသေချာတယ်။
သီပေါအုန်းဘောင်လေးမြို့
““သီပေါအုန်းဘောင်လေးမြို့ အရှင်   သခင်ကြီး ဘုရားရုံးတော်အမိန့်””ဆိုတဲ့   ခေါင်းစည်းစာတမ်းတပ်မြေဂရန်အမှုတွဲ   တစ်ခုကို မိတ်ဆွေအမှုသည် တစ်ယောက်  ရဲ့စာရွက်စာတမ်းတွေထဲတွေ့လိုက်ရတယ်။   ၅-မေ၊၁၉၂၆ခုနှစ်က ထုတ်ပေးတဲ့မြေငှား  ဂရန်ပါ။ဗြိတိသျှအုပ်ချုပ်တဲ့ခေတ်၊ရှမ်း ပြည်မှာတာ့ ကမ္ဘောဇနေ၀င်ဘုရင်များ အုပ်စိုးတဲ့ကာလ။
သီပေါဆိုတဲ့ နာမက ကျွန်တော်တို့   တစ်တွေ အလွန်ယဉ်ပါးတဲ့နာမ။ကုန်း ဘောင်နောက်ဆုံးမင်းဆက်ဟာ ငယ်စဉ်  သီပေါမြို့ကိုစားရ၊ဒီနာမည်နဲ့ နန်းတက်ရ၊   ဒီနာမည်နဲ့ပဲ နန်းကျဘုရင်ရ နယ်ချဲ့အကျဉ်း စံ ဖြစ်ခဲ့ရ၊ရေခြားမြေခြားမှာ ကံတော် ကုန်ရှာရ၊သမိုင်းမှာ အထင်ကရ၊ ဒီနာမည်    ဘယ်မေ့လို့ရပါ့မလဲ၊အုန်းဘောင်လေးမြို့    ဆိုတဲ့ နာမကတော့ စိမ်းတယ်ဗျာ။ အုန်း ဘောင်၊ဒါမှမဟုတ် အုန်းဘောင်ကြီးဆို တာ သမိုင်းမှာ ရှိခဲ့လေသလား။ဒီလိုမှ မဟုတ် မြို့နယ်(၄)ခု ပေါင်းစည်းထားလို့ လား။
မူလအစ တကောင်းသာကီဝင်မင်း များရဲ့အဆက်က အုန်းဘောင်မြို့ကိုတည်  ခဲ့တာ။အဲဒီမြို့မှာ ဒုဘ်္ဘိကန္တရဘေးကြီး ဆိုက်ပြီး လူအသေအပျောက်များလွန်း တာကြောင့် မြို့ဟောင်းရဲ့အရှေ့ယွန်းယွန်း မှာ မြို့သစ်တည်ခဲ့တယ်။မြို့သစ်ကို သီပေါ လို့ သမုတ်ခဲ့ရတာ နောင်တော့သီပေါ အုန်းဘောင်စော်ဘွားဆိုတဲ့ ဘွဲ့နာမည်   ပိုတွင်ကျယ်လာတယ်။ (မြို့တည်သက္က ရာဇ် ၁၀၇၆)
သီပေါမင်းနန်းတက်တော့ စော် ဘွားစ၀်ကြာခိန်းကို အမျက်တော်ရှိတာ ကြောင့် စ၀်ကြာခိန်းဟာ ရန်ကုန်က ဗြိ တိသျှအစိုရဆီ ခိုလှုံရတယ်နောက်အဲဒီ    ကတစ်ဆင့် ကရန်နီနယ်မှာ ခိုလုံနေခဲ့ရ တယ်။ ၁၈၈၅ခု၊မန္တလေးနေပြည်တော်ကို   ဗြိတိသျှက သိမ်းလိုက်တဲ့အခါ စ၀်ကြာ ခိန်းဟာ သီပေါကိုပြန်လာပြီး အုပ်ချုပ် တယ်။ ရှမ်းစော်ဘွားတွေထဲမှာ ဗြိတိသျှ  လက်အောက် ပထမဆုံးဝင်ရောက်သူ   စ၀်ကြာခိန်းဖြစ်တယ်။ဒါကြောင့် စ၀်ကြာ ခိန်းက သုံးဆယ်၊မိုင်းတုံ၊မိုင်းလုံနယ်တွေ ကို သူ့နယ်ထဲ ဆွဲသွင်းခဲ့တာကို ဗြိတိသျှ   အစိုးရကသဘောတူခဲ့တယ်။ ဒါကြောင့် ပဲ သီပေါအုန်းဘောင်လေးမြို့ရယ်လို့ တွင်ပါကြောင်း မြန်မာ့စွယ်စုံကျမ်း(အတွဲ-  ၁၃)မှာ ပါရှိတဲ့အတိုင်း ဖောက်သည်ချ   လိုက်တယ်ဗျာ။
အပျိုချောတဲ့သီပေါ
“အပျိုချောသီပေါ”တဲ့ဗျ။သီပေါသူ  တွေဟာ စာဖွဲ့ရလောက်အောင် ချော တယ်လို့ ဆိုသူတွေဆိုကြတယ်။ တစ်ချို့ ကလည်း “မြင်းချော သိန်းနီ”ဆိုတဲ့ဆိုရိုး   အဆက်ကို သမိုင်းစာမျက်နှာပေါ်တင်ပြီး   မြန်မာမင်းများလက်ထက် အပျိုတော် တွေကို ချောအဖြစ်သုံးလို့ အပျိုချောရယ် လို့ ပြောကြတာတဲ့။ ဒီလိုကောက်ယူမယ်  ဆိုလည်း ချောမှလှမှချောဆွဲတော့မပေါ့   နော။ပဒေသရာဇ်တို့အာဏာများမနာလိုစရာပါဗျာ။
သီပေါမြို့ဟာ ပင်လယ်ရေမျက်နှာ ပြင်အထက် ၁၇၅၀ပေ အမြင့်မှာရှိတယ်။  ဒုဌ၀တီမြစ်ဖြတ်သန်းစီးဆင်းရာ လွင်ပြင် ဒေသဖြစ်လို့ ရှမ်းပြည်နယ်မှာ သံလွင်ချိုင့် ၀ှမ်းဒေသက လွဲရင်အပူဆုံးဖြစ်တယ်။မြန်မာမင်းများရဲ့နေပြည်တော်နဲ့အကူး အလူးမပြတ်ရှိတာကြောင့် နယ်ရှယ်စော် ဘွားကြီးများတည်ထားခဲ့တဲ့မြို့ဟာ အကွက် ကျတယ်၊လှတယ်၊လမ်းနဲ့စမ်းနဲ့ ပန်းဥယျာဉ် နဲ့၊ကျောင်းနဲ့ မောင်းနဲ့တန်ဆောင်းနဲ့၊သူ့ ခေတ်နဲ့တော့ သူတွင်ကျယ်ပေါ့။
သီပေါမြို့ဟာ ဒီဒေသတစ်ကျော မှာတော့ နိုင်ငံခြားဧည့်သည်အများဆုံး ၀င်ထွက်ရာလည်းဖြစ်သဗျ။သီပေါမြို့ ပတ်ဝန်းကျင်တွင်ကိုလည်း ညအိပ်ညနေ    သွားတတ်ကြသလို ဒုဌ၀တီမြစ်ကမ်း တစ်လျှောက်အချစ်ကလေးကိုတင်ပြီး ဘီးကလေးစီးကြတဲ့ ဧည့်သည်တွေလည်း    မနည်းမနောပါ။အဖွဲ့ချုပ်ရုံးရှေ့က၊အင် တာနက်ဝက်ဘ်ဆိုဒ်အထိ ကြော်ငြာ ပေါက်တဲ့ နာမည်ကျော်””လောချွန်းစား သောက်ဆိုင်””ဆို ည-ည နိုင်ငံခြားသား    တွေ ပါတီပေးနေသလား အောက်မေ့ရ မလောက်။ သီပေါကတစ်ဆင့်မြန်မာပြည်  ရဲ့ဆွစ်ဇာလန်လို့သတင်းကျော်တဲ့ လက် ဖက်မြေ(နမ့်ဆန်ဒေသ)ကိုခရီးဆက်ကြ။
နိုင်ငံခြားသားတွေ အလာများရတဲ့   အကြောင်းတွေထဲမှာ သီပေါနယ်ရဲ့ နောက် ဆုံးစော်ဘွားစ၀်ကြာဆိုင်ရဲ့လွမ်းမောဖွယ်   ဇာတ်လမ်းလေးတစ်ပုဒ်လည်းပါတယ်လို့  သိရသဗျ။
မြန်မာ့ဆည်းဆာ (Twilight Over Burma)
၁၉၆၂ခုနှစ်၊ မတ်(၂)ရက်မှာ ဗိုလ် ချုပ်ကြီးနေ၀င်းက အာဏာသိမ်းတယ်။   အဲဒီနေ့မတိုင်မီတစ်ရက် ရန်ကုန်မှာ လွှတ်တော်တက်နေတဲ့ သီပေါစော်ဘွား   စ၀်ကြာဆိုင်ဟာ ကျန်းမာရေးဆိုးဝါးနေတဲ့    ညီမတော်ကို တောင်ကြီးမှာလာတွေ့တယ်။  နောက်တစ်ရက် ဟဲဟိုးလေဆိပ်အဆင်း မှာ ဖမ်းဆီးခံရပြီး ဗထူးတပ်မြို့ဖက် ခေါ် သွားခဲ့တယ်။သီပေါဟော်နန်းမှာတော့ သြစတြီးယားသူ မဟာဒေ၀ီ စ၀်သုစန်္ဒီ (ခ)အင်းဂ်(ခ)စ၀်မယ်နဲ့သမီးတော် မာယာ ရီ၊ကိန္နရီတို့ဟာ စစ်တပ်က အတင်းအကြပ်    ၀င်ရောက်လာပြီး စော်ဘွားကြီးကို မြေ လှန်ရှာဖွေတာကို ကြုံနေရတယ်။စော် ဘွားကြီးဟာ အစအနပျောက်လို့နေတယ်။    မဟာဒေ၀ီကတော့ စော်ဘွားကြီးကို ရုတ်တရက် ရှာဖွေမတွေ့ရှိတာ၊ကံကောင်း ခြင်းနိမိတ်၊လွတ်မြောက်နေခြင်း လက္ခဏာ  လို့တွေးနေမိခဲ့တယ်။ စော်ဘွားရှိတတ်တဲ့ နေရာတွေကို ဆက်သွယ်ကြည့်တယ်။ ဘာသတင်းမျှမသိရ။သက်ဆိုင်ရာအာဏာ ပိုင်တွေကိုစုံစမ်းတော့လည်း သူတို့မသိ ကြောင်း တွင်တွင်သာငြင်းဆိုခဲ့ကြရုံမက    နောက်ပိုင်းရေငုံနေခဲ့ကြတော့တယ်။ကြက်  ကလေး ငှက်ကလေးလိုဖမ်းဆီးခံခဲ့ရတဲ့  သီပေါနယ်ရှင်ဟာ ရေမှုန်ရေမွှားလေးလို ပဲ လေထဲမှ ပျောက်ဆုံးသွားခဲ့ရရှာတယ်။   မဟာဒေ၀ီနဲ့ သမီးတော်နှစ်ပါးလည်း ပြည်တော်ပြန်သွားရရှာတယ်။ ၁၉၆၆ခု နှစ်မှာ ဗိုလ်ချုပ်ကြီးနေ၀င်း သြစတြီးယား နိုင်ငံဗီယနာမြို့က ဇိမ်ခံဟော်တယ်တစ်ခု မှာ လာတည်းတယ်။ မဟာဒေ၀ီဟာ သူ့ခွင်ပွန်းရဲ့ကံကြမ္မာကိုမေးမြန်းဖိုပအဲဒီ ဟော်တယ်ကြီးကို သွားခဲ့တယ်။ ဦးနေ၀င်း ကို အဝေးက လှမ်းတွေ့ခဲ့ပေမယ့် ဒေါ် ခင်မေသန်းက ဗိုလ်ချုပ်ကြီးသိပ်ပင်ပန်း ပြီး အနားယူနေကြောင်းပြောပြီး တွေ့ဆုံ ခွင့်ကိုငြင်းပယ်ခဲ့တယ်။ပျောက်ဆုံးနေသူ ရဲ့ကံကြမ္မာကို သိနိုင်ဖို့ သြစတေးလျ အစိုးရ၊ဗြိတိန်အစိုးရ၊အမေရိကန်အစိုးရ များကတစ်ဆင့် အကြိမ်ကြိမ်မေတ္တာရပ်ခံ    ပန်ကြားခဲ့သော်လည်း၊ပြန်ကြားချက်မရ။  ကမ္ဘာ့ကြက်ခြေနီအဖွဲ့။အပြည်ပြည်ဆိုင် ရာတရားရုံး၊ လွတ်ငြိမ်းချမ်းသာရေးအဖွဲ့   အပါအ၀င်နိုင်ငံတကာအဆင့် အဖွဲ့အစည်း များမှတစ်ဆင့် ပန်ကြားသော်လည်း တုန်မလှုပ်ကျောက်ရုပ်။စစ်အာဏာရှင် က ပဒေသရာဇ်အပေါ် လူ့အခွင့်အရေး  ဖောက်ဖျက်ကျူးလွန်ခဲ့တာ။ဒီအကြောင်း ကို နောက်ခံထားပြီး မဟာဒေ၀ီက မြန်မာ့ ဆည်းဆာဆိုတဲ့ စာအုပ်မှာ သူ့ရဲ့ခံစား ချက်တွေကို ဖွင့်အန်ခဲ့ကြောင်းပါဗျာ။
ဟော်နန်းရဲ့ရွှေဧည့်သည်
သီပေါစော်ဘွားကြီး စ၀်ကြာဆိုင်နဲ့   မဟာဒေ၀ီတို့ရဲ့အရှေ့ဟော်နန်းကို ၁၉၉၀  ရွေးကောက်ပွဲအလွန်ကာလမှာ ပထမ အကြိမ် ကျွန်တော်အလည်ရောက်တယ်။   နမ့်ပေါ့ချောင်းကို ကျော်လိုက်တာနဲ့ သီပေါဟော်နန်းရဲ့ပရ၀ုဏ်ကိုဦးခိုက်မိပြီ။ ဟော်နန်းဟောင်းကတော့ စစ်အတွင်းက    ပျက်စီးခဲ့ပြီ။ဟော်နန်းဟောင်းရဲ့အရှေ့ ဘက် ဒုဌ၀တီကမ်းနဖူပေါ်က အရှေ့ဟော်  ဟာ၊အနောက်ဆန်ဆန်။မဒရပ်ခေါင်ချိုး၊ နှစ်ဆောင်တွဲ၊နှစ်ထပ်တိုက်ဖြစ်တယ်။ စော်ဘွားကြီးရဲ့တူတော်စ၀်ဦးကြာက အဆောက်အအုံကိုထိန်းသိမ်းစောင့်ရှောက်     ထားတယ်။နိုင်ငံခြားသားဧည့်သည်တွေ    လာကြတယ်။ဝင်ကြေးမရှိ။ဘာဝန်ဆောင် ကြေးမှမရှိ။ ဧည့်မှတ်တမ်းစာအုပ်နဲ့စေတ နာကြေး ထည့်ဝင်ငွေအတွက် အလှူခံ ပုံးတော့ရှိတယ်။ဘာပြဿနာမှ မရှိခဲ့။
စစ်အာဏာရှင်လက်ထက်၊ရွှေစိတ် တော် အလိုမကျတဲ့အခါ၊ရိုးရိုးသားသား ဧည့်ဝတ်စောင်သယ်တွေကို လက်ခံတဲ့  စ၀်ဦးကြာကို ဟော်တယ်နဲ့ခရီးသွားဥပဒေ၊  ပြတိုက်ဥပဒေ၊အရေးပေါ်စီမံမှု အက် ဥပဒေများနဲ့တရားစွဲပြီး ထောင်ဒဏ်(၁၀) နှစ် ချလိုက်ပါရောလားဗျာ။သီပေါရောက်    နိုင်ငံတကာဧည့်သည်များလည်း ဖြတ် သန်းသွားလာခွင့်မရှိပေါ့။ပထမအကြိမ်   ဟော်နန်းမှာ ကျွန်တော့်ကို ဧည့်ခံခဲ့တဲ့  စ၀်ဦးကြာရဲ့ရည်မွန်သိမ်မွေ့မှုကို ကျွန်တော်မမေ့ပါ။ဒါကြောင့် သီပေါအဖွဲ့ ချုပ်က မိတ်ဆွေတွေကတစ်ဆင့် ဧည့်တွေ့ ခွင့်တောင်းခဲ့တယ်။ ဟော်နန်းသို့ နှစ်ကြိမ် မြောက် အလည်ရောက်ခြင်းပေါ့ဗျာ။
စ၀်ဦးကြာရဲ့ဇနီး စ၀်စံဖုန်းက လက် ခံတွေ့ဆုံပါတယ်။ စ၀်ဦးကြာကတော့ ထောင်ဒဏ်(၄)နှစ်နဲ့လွတ်မြောက်ခဲ့ပြီး   တောင်ကြီးရောက်နေလို့ မတွေ့ခဲ့ရပါ။  ကျွန်တော်တို့ကို ဟော်နန်းရဲ့ရှေ့မျက်နှာ  စာမှာပဲဧည့်ခံပါတယ်။ဧည့်ခန်းဆောင်  ပိတ်ထားရတာ ကြာပြီမို့ ဧည့်သည်များ   အတွက် အဆင်သင့်မရှိတာကို နားလည် ပေးဖို့ ပြောရှာပါတယ်။
တစ်ဆက်တည်းမှာပဲ အရှေ့ဟော် ကို ပြန်ဖွင့်ပြီး နိုင်ငံတကာဧည့်သည်တွေ ကို လက်ခံပေးဖို့၊ဟော်တယ်နဲ့ခရီးသွား  က တာဝန်ရှိပုဂ်္ဂိုလ်တစ်ဦးက လာရောက်    မေတ္တာရပ်ခံနေတဲ့အကြောင်းနဲ့၊အဲဒီအပေါ်   သဘောထားတောင်းလို့ အလွန်သင့်မြတ် ကြောင်း ကျွန်တော်ဆန္ဒပေးခဲ့ပါသေး တယ်။ ကျွန်တော်တို့အဖွဲ့ဟော်နန်းက ပြန်တော့ မလှမ်းမကမ်းမြက်ရိုင်းတောထဲ က စော်ဘွားပိုင် ထရက်တာကားတစ်စီး က လှမ်းပြီးနှုတ်ဆက်နေသလို။

 

 

ဦးစိုင်းမြင့်အောင်(လားရှိုး)

,

No comments yet.

Leave a Reply

You must be logged in to post a comment.