မည်သူတို့အား နိုင်ငံရေးအကျဉ်းသားအဖြစ်သတ်မှတ်သည်ကို အေအေပီပီမှ ၂၀၁၁ စက်တင်ဘာလ(၃၀)ရက်နေ့ ထုတ်ပြန်ချက်အား ယခုအချိန်ထိစွဲကိုင်ထားရှိဟု ကိုသိပ်နိုင် ၊ ကိုဘိုကြည် တို့မှ ယနေ့တွင် Hot News သို့ပြောကြားသွားသည်။ အဆိုပါထုတ်ပြန်ချက်မှာ-
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(မြန်မာနိုင်ငံ)(အေအေပီပီ)မှ ငြိမ်းချမ်းစွာဆန့်ကျင်ဆန္ဒပြခြင်းဖြင့်၎င်း ၊ လက်နက်ကိုင်လမ်းစဉ်ဖြင့်၎င်း ၊ နိုင်ငံရေးလှုပ်ရှားများတွင် တက်ကြွစွာပါဝင်လှုပ်ရှားခြင်း ၊(သို့) အားပေးထောက်ပံ့ကူညီခြင်း သို့မဟုတ် ထိုသို့ပါဝင်သည် ၊ ထောက်ပံ့ကူညီသည်ဟု စွပ်စွဲခံရခြင်းတို့ကြောင့် မြန်မာနိုင်ငံထောင်အသီးသီး ၊ ရဲဘက် စခန်းများ နှင့် စစ်ကြောရေးစခန်းများတွင် ဖမ်းဆီးချုပ်နှောင်ခြင်းခံရသော မည်သူကိုမဆို နိုင်ငံရေးအကျဉ်းသားဟု သတ်မှတ်ပါသည်။ အေအေပီပီမှ ပြုစုထားသောစာရင်းတွင် ထည့်သွင်းဖော်ပြထားသော ဖမ်းဆီးခံရသူ တစ်ဦးချင်းသည် နိုင်ငံရေး နှင့်သက်ဆိုင်ပြီး အကျဉ်းချခံထားရသူများဖြစ်ကြပါသည်။ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ေ၇းအဖွဲ့ နှင့် နိုင်ငံတော်အေးချမ်းသာယာရေး နှင့် ဖွံ့ဖြိုးရေးကောင်စီတို့သည် မြန်မာနိုင်ငံအတွင်းနိုင်ငံရေး အကျဉ်းသားများ ရှိသည်ဆိုခြင်းကို ငြင်းဆန်ခဲ့ကြပါသည်။ ထိုသို့ပင်လက်ရှိ ဦးသိန်းစိန်၏ အစိုးရသစ်သည်လည်း ငြင်းဆန်နေဆဲဖြစ်ပါသည်။ ထို့အတွက် မတရားသည့် အုပ်ချုပ်မှုအားဆန့်ကျင်သူများသည် ရာဇ၀တ်ပုဒ်မ များနှင့် မတရားစွဲဆိုကာ ရာဇ၀တ်အကျဉ်းသားများအဖြစ် သတ်မှတ်ခံနေရပါသည်။ ဥပမာအားဖြင့် အာဏာပိုင်များသည် ၎င်းတို့အားဆန့်ကျင်သော နိုင်ငံရေးလှုပ်ရှားသူများ ၊ သတင်းထောက်များ ၊ ကျောင်းသားများ ၊ တိုင်းရင်းသားများ နှင့် အလွှာအသီးသီးမှ ပြည်သူလူထုအား အခြေအမြစ်မရှိသော ရာဇ၀တ်မှုများဖြင့် မတရားသက်သက် သိက္ခာချကာ တရားစွဲဆိုထောင်သွင်းအကျဉ်းချခဲ့ပါသည်။ထို့အတွက် အေအေပီပီ မှ နိုင်ငံရေးအကျဉ်းသားများအဖြစ် သတ်မှတ်ရာတွင် ၎င်းတို့အားစွဲဆိုထားသော အမှုများထက် တစ်ဦးချင်းစီ၏ နိုင်ငံရေးလှုပ်ရှားမှုများအပေါ်ခွဲခြားဆုံးဖြတ်ပါသည်။ ခြုံငုံပြောရမည်ဆိုလျှင် ၎င်းတို့မည်သည့်အတွက်ကြောင့် အဖမ်းခံရသည် အကျဉ်းချခံရသည်ဆိုသည့် နိုင်ငံရေးလှုပ်ရှားမှုနောက်ခံအား ဦးစားပေးဆုံးဖြတ်ပါသည်။ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဍမောင်လွင်မှကမ္ဘာ့ကုလသမဂ္ဂအထွေထွေညီလာခံတွင် မကြာခင်သင့်တော်သည့်အချိန်တွင် အကျဉ်းသားများအား လွှတ်ပေးရန်ရှိပါသည်ဟု ပြောကြားပြီးနောက် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် အကျဉ်းသားများလွတ်လာမည်ဟူသော သတင်းများပြန့်နှံ့လာပါသည်။နိုင်ငံခြားရေးဝန်ကြီး နိုင်ငံရေးအကျဉ်းသား စကားလုံးအား ထည့်သွင်းပြောဆိုသွားခြင်းမရှိသော်လည်း လက်ရှိဦးသိန်းစိန်အစိုးရမှ အုပ်ချုပ်သူများအနေဖြင့် လွတ်ငြိမ်းချမ်းသာခွင့်ထုတ်ပြန်မည်ဆိုလျှင် နိုင်ငံရေးအကျဉ်းသားအားလုံးကို ခြွင်းချက်မရှိ လွှတ်ပေးရမည်ဖြစ်ပြီး ၊ ၎င်းတို့အပေါ်မတရားချမှတ်ထားသည့်ရာဇ၀တ်မှု မှတ်တမ်းများကိုလည်း ပယ်ဖျက်ပေးရမည်ဖြစ်သည်။ အေအေပီပီအနေဖြင့် မည်သည့်နိုင်ငံရေးအကျဉ်းသားကိုမဆို လွှတ်ပေးခြင်းအား ကြိုဆိုသော်လည်းလက်ရှိအစိုးရသည်လည်း ပြည်သူလူထု၏အခြေခံလူ့အခွင့်အရေးများ နှင့် နိုင်ငံသားအခွင့်အရေးများအား အသိအမှတ်မပြုရုံမျှမက ထိုအခွင့်အရေးများအတွက် လုပ်ဆောင်သူများ ၊ တောင်းဆိုသူများအား ဖမ်းဆီးကာ ရာဇ၀တ်မှုများ နှင့် စွဲဆို အကျဉ်းချနေဆဲဖြစ်သောကြောင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ နှင့် သာမန်ပြည်သူလူထုသည် ဖမ်းဆီးခံရမည့်အရေး ၊ အကျဉ်းချခံရမည့် အရေးများနှင့် ဆက်လက်ရင်ဆိုင်နေရဆဲဖြစ်ပါသည်။ ဦးသိန်းစိန်အစိုးရအနေဖြင့် နိုင်ငံတကာအသိုင်းအ၀ိုင်း၏ ယုံကြည်လက်ခံမှုကို ရယူလိုလျှင် အမှန်တကယ်စစ်မှန်သော နိုင်ငံရေးပြောင်းလဲမှုများအား ဖော်ဆောင်ကာ မကြာတော့မည့် အနာဂတ်ကာလတွင် စိတ်ရင်းစေတနာမှန်သည့် လွတ်ငြိမ်းချမ်းသာခွင့်အားထုတ်ပြန်ရပါမည်။ မှတ်ချက် အနေဖြင့် အမျိုးသားပြန်လည်သင့်မြတ်ရေးလုပ်ငန်းစဉ် နှင့် စစ်မှန်သော ဒီမိုကရေစီအသွင်းကူပြောင်းရေးတို့အား အထောက်အကူဖြစ်စေရေးအတွက် အေအေပီပီအနေဖြင့် လက်နက်ကိုင်တော်လှန်ရေးတွင် ပါဝင်သူများ နှင့် ရာဇ၀တ်ပုဒ်မများ နှင့် တမင်သိက္ခာချစွဲချက်တင်ခံရသူ နိုင်ငံေ၇းလှုပ်ရှားသူများအားပေးကူညီသူများအား နိုင်ငံရေးအကျဉ်းသားမဟုတ်ဟု ခွဲခြားသတ်မှတ်မည်မဟုတ်ပါ။ အေအေပီပီအနေဖြင့် ဒီမိုကရေစီရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက်ပါဝင်ဆောင်ရွက်မှုကြောင့်ထောင်သွင်းအကျဉ်းကျခံရသူများအားလုံးကို နိုင်ငံရေးအကျဉ်းသားများဟု သတ်မှတ်ထားကြောင်းသိရှိရပါသည်။
Hot News သတင်းအဖွဲ့



Vol-3,No-141
Vol-3,No-140
Download
January 8, 2013
Home, သတင်း